Tuesday, August 16, 2011

PC တစ်လုံး တပ်ဆင်ရန် ရွေးချယ်ခြင်း (အပိုင်း-၁)

ဒီဆောင်းပါးကို မြန်မာနိုင်ငံမှာ ပုံနှိပ်ထုတ်ဝေတဲ့ Knowledge Bridge မဂ္ဂဇင်း သို့ စာမူပို့ထားပါတယ်။ ကျနော့်ဘလော့မှာ ရေးသားဖော်ပြမယ်လို့ ပြောထားတဲ့အတွက် ဒီမှာအရင် တင်လိုက်တာပါ။



PC ကွန်ပျူတာ တစ်လုံးကို ရွေးချယ်တပ်ဆင်ဖို့အတွက် အကြောင်း နှစ်ချက်အပေါ် မူတည် စဉ်းစားပါတယ်။
၁။ ဘာအတွက် သုံးစွဲမှာလဲ ? ၂။ ငွေဘယ်လောက် အကုန်ခံမလဲ ?
မိမိအသုံးပြုလိုတဲ့ ကွန်ပျူတာအမျိုးအစားပေါ် မူတည်ပြီး တပ်ဆင်မည့် Hardware တွေကို ရွေးချယ်ရတာဖြစ်ပါတယ်။ (ဥပမာ - ဗီဒီယို လုပ်ငန်းအတွက် အသုံးပြုမယ်ဆိုရင် Graphic ပိုင်းကို ဦးစားပေးပြီး၊ သူနဲ့ လိုက်ဖက်မည့် RAM, CPU တို့ကို ရွေးချယ်ရပါတယ်။) တပ်ဆင်ထားတဲ့ Hardware များက အသုံးပြုမည့် Software များရဲ့ လိုအပ်ချက်ထက် သာလွန်နေမှသာ အဆင်ပြေပါလိမ့်မယ်။ Game တစ်ခု ဆော့မယ် ဆိုပါစို့။ အဲဒီဂိမ်းအတွက် 3.0GHz CPU, 2Gb RAM နဲ့ 256Mb VGA တို့ အနည်းဆုံး လိုအပ်တယ်လို့ တောင်းဆိုခဲ့ရင် သူ့ထက် ပိုသာတဲ့ Hardware မိမိမှာ ရှိထားမှသာ အသုံးပြုရ အဆင်ပြေမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီဂိမ်းကို ကစားနေစဉ်အတွင်းမှာ အခြား အသုံးပြုမှု အားလုံး ပိတ်ထားခဲ့မယ်ဆိုရင်တောင် OS တစ်ခုနဲ့ Anti-Virus ကဲ့သို့သော software များကို တစ်ပြိုင်တည်း အသုံးပြုနေရဦးမှာ ဖြစ်လို့ပါပဲ။ Hardware ကို တိုးမြှင့်သုံးစွဲသည်နှင့်အမျှ အသုံးပြုရသော ငွေလည်း များပြားလာမှာပါ။ အဲဒီအတွက် မိမိသုံးချင်သလောက်နဲ့ ငွေသုံးနိုင်သလောက်ကို မျှတအောင် ချင့်ချိန် ရွေးချယ်ရမှာဖြစ်ပါတယ်။

CPU ရွေးချယ်ခြင်း
ကွန်ပျူတာ တစ်လုံးကို CPU မှ စတင်ပြီး ရွေးချယ်ကြပါတယ်။ ဈေးနှုန်းအများဆုံး အစိတ်အပိုင်းဖြစ်ပြီး သူ့အပေါ်မူတည်ကာ အခြားပစ္စည်းများလည်း ဈေးနှုန်း လိုက်မြင့်သွားပါတယ်။ ကွန်ပျူတာရဲ့ အမြန်နှုန်းကလည်း သူ့အပေါ်မူတည်ကာ ကွာခြားသွားခြင်းကြောင့်လည်း သူ့ကို အဓိက စဉ်းစားပါတယ်။ ကွန်ပျူတာရဲ့ တွက်ချက်ပုံ တစ်ခုလုံးနဲ့ လုပ်ဆောင်နိုင်မှုတွေကိုပါ ပြောရမယ်ဆိုရင် စာအုပ်တစ်အုပ်စာမက ဖြစ်သွားပါလိမ့်မယ်။ ကျနော်ရေးသားချင်တာက တပ်ဆင်နိုင်ရန် ရွေးချယ်ခြင်းလောက်ပဲ ဖြစ်လို့ လိုအပ်တဲ့ သဘောတရားလောက်ကိုပဲ တင်ပြသွားပါ့မယ်။

မိမိ အသုံးပြုမည့် Software က 3.0 GHz CPU လောက် လိုအပ်မယ် ဆိုရင်တော့ 2.0GHz ရှိတဲ့ Core 2 CPU တစ်ခုကို အနည်းဆုံးအနေနဲ့ ရွေးချယ်သင့်ပါတယ်။ CPU ရဲ့ လုပ်ဆောင်နိုင်မှုကို speed ၂ မျိုးနဲ့ တွက်ချက် သတ်မှတ်ပါတယ်။ CPU Clock Speed နဲ့ FSB speed တို့ ဖြစ်ကြပါတယ်။ 2.0GHz ဆိုတဲ့ Core 2 CPU ရဲ့ speed က CPU clock speed (သို့) processor speed ကို ရည်ညွှန်းခြင်းပဲ ဖြစ်ပါတယ်။ Core 2 ဖြစ်တဲ့အတွက် ရေတွက်ပုံ နှစ်ဆ ဖြစ်ပြီး ရေးသားထားတဲ့ အမြန်နှုန်းရဲ့ နှစ်ဆလို့ ဆိုလိုပါတယ်။ (ဥပမာ - intel T4200 Duo Core 2.0 GHz ဆိုရင် core နှစ်ခု မို့လို့ 4.0GHz ဖြစ်ပါတယ်) ။ CPU ဟာ ဈေးအကြီးဆုံး အစိတ်အပိုင်းဖြစ်ပြီး၊ တပ်ဆင်မှုရဲ့ အဓိက အစိတ်ပိုင်းလည်း ဖြစ်ပါတယ်။ လက်ရှိ Intel Core 2 Duo Processor တစ်ခုရဲ့ တန်ဖိုးဟာ 150 $ ၀န်းကျင်မှာ ရှိပါတယ်။ သူနဲ့လိုက်ဖက်အောင် တပ်ဆင်မယ်ဆိုရင် ခန့်မှန်းခြေ သူ့ရဲ့ သုံးဆ ခန့် ကုန်ကျနိုင်ပါတယ်။ (PC ပုံး တစ်ခုတည်းအတွက် ခန့်မှန်းခြေဖြစ်ပါတယ်)။ ဘယ်လောက် အကုန်ခံပြီး ဘာကိုရွေးချယ်ရမယ်ဆိုတာ အားလုံးဖတ်ပြီးချိန်မှာ စဉ်းစားနိုင်မှာပါ။ ကျနော် စာဆက်ရေးဖို့ အဆင်ပြေရန်အတွက် Intel® Core™2 Duo Processor E8200 ကို ဥပမာထား ရွေးချယ်ပြီး ရေးသွားပါ့မယ်။
မိမိ စက်မှာ အသုံးပြုမယ့် CPU ရဲ့ အချက်အလက် အသေးစိတ်ကို သိရဖို့ သူ့ရဲ့ မူရင်းဝဘ်ဆိုဒ်မှာ ရှာဖွေကြည့်ရှူနိုင်ပါတယ်။ (Intel CPU ကို အသုံးပြုမယ်ဆိုရင် www.intel.com ပေါ့) ။ အခု ရွေးချယ်ထားတဲ့ E8200 ကို စံထားပြီး အနည်းငယ် ရေးသားသွားပါ့မယ်။ E8200 ကို www.intel.com ရဲ့ Search box မှာ ထည့်ရေးပြီး ရှာလိုက်ရင် သူ့ရဲ့ အသေးစိတ် အချက်အလက်တွေကို ဇယားအနေနဲ့ ပြမှာဖြစ်ပါတယ်။
အကြမ်းဖျင်း သိရမယ့် အချက်အလက်ကတော့ -
CPU Clock speed (or) Processor Base Frequency - 2.66 GHz
FSB speed – 1333 MHz
# of Core – 2
L2 Cache – 6 Mb
Instruction Set – 64 bit
Max TDP - 65 W
Sockets Supported – LGA 775
တို့ဖြစ်ပါတယ်။
Clock speed များအကြောင်းကို သေချာရှင်းပြရင် အရမ်း ရှည်လျားသွားမှာ ဖြစ်ပါတယ်။ အသေးစိတ် သိချင်ရင် A+ စာအုပ်တွေမှာ ထပ်မံလေ့လာကြည့်ပါ။ အခုက ရွေးချယ် တပ်ဆင်နိုင်ရုံ အကြမ်းဖျင်း ပြောချင်တာ ဖြစ်လို့ နားလည်ရုံလောက်ပဲ ပြောပါ့မယ်။ ကွန်ပျူတာအစိတ်အပိုင်းတွေ တစ်ပြိုင်တည်း အလုပ်လုပ်နိုင်ရန် signal clock များလိုအပ်ပါတယ်။ clock အကြိမ်အရေအတွက် များလေ ကွန်ပျူတာ လုပ်ဆောင်နှုန်း မြန်လေ ဖြစ်တဲ့အတွက် CPU clock speed ဟာလည်း ကွန်ပျူတာ အမြန်နှုန်းအတွက် တိုက်ရိုက်ပတ်သတ်ပါတယ်။ FSB speed ဆိုတာကတော့ processor နှင့် motherboard ပေါ်ရှိ အစိတ်အပိုင်းတို့ရဲ့ အပြန်အလှန် communicate လုပ်နိုင်သော speed ပဲ ဖြစ်ပါတယ်။ Core ဆိုတဲ့ data စီးဆင်းမှုက 2 (Duo) ဖြစ်တဲ့အတွက် CPU clock speed နှင့် FSB speed တို့ကို နှစ်ဆ ဖြစ်စေပါတယ်။ (Core™2 Quad ဆိုရင် core – 4 ဖြစ်လို့ ရေတွက်ပုံလည်း လေးဆ ဖြစ်ပါတယ်)။
Cache မှာ L1 နှင့် L2 ဆိုပြီး ရှိပါတယ်။ CPU cache များဟာ CPU နှင့် Main memory (RAM) တို့ကြားတွင် ကြားခံ Buffer အဖြစ် ဆောင်ရွတ်ပါတယ်။ ထပ်ခါ ထပ်ခါ လုပ်ဆောင်ရသော လုပ်ငန်းများ အတွက် data နှင့် instruction များကို အသုံးပြုမှု အကြိမ်အရေအတွက် ပေါ်မူတည်၍ သိမ်းဆည်းပါတယ်။ တောင်းဆိုလိုက်သော data များကို ဖော်ပြရန်အတွက် CPU သည် cache ထဲတွင်ရှာဖွေပါတယ်။ မရှိမှသာ RAM ဆီမှ စောင့်ဆိုင်းရပါတယ်။ Main memory (RAM) သည် CPU လောက် လျှင်မြန်စွာ လုပ်ဆောင်နိုင်ခြင်း မရှိသောကြောင့် စောင့်ဆိုင်းချိန် (loading time) ရှိလာပါတယ်။ ထို့ကြောင့် cache ပမာဏ များလေ ကွန်ပျူတာ ရဲ့ လုပ်ဆောင်ချိန် စောင့်ဆိုင်းရမှု ကင်းဝေးလေ ပဲ ဖြစ်ပါတယ်။
Instruction Set – 64 bit ဆိုပြီး အခုရွေးချယ်ထားတဲ့ CPU အတွက် တွေ့ပါလိမ့်မယ်။ 64 bit CPU မှသာလျှင် x64 bit OS ကို သုံးနိုင်ပါလိမ့်မယ်။
Max TDP ဆိုတာက CPU ရဲ့ ပါဝါလိုအပ်တဲ့ ပမာဏ ဖြစ်လို့ Power supply ရွေးချယ်မှု အပိုင်းမှပဲ ဆက်ပြောပါ့မယ်။
Sockets – 775 ဖြစ်တဲ့အတွက် motherboard ကိုလည်း 775 sockets တပ်ဆင်ထားတဲ့ board ကို ရွေးချယ်ရမှာဖြစ်ပါတယ်။

၎င်းဇယားရဲ့အောက်မှာလည်း တွဲဖက် အသုံးပြုနိုင်တဲ့ Chipset အမျိုးအစားတွေ ပြထားပါတယ်။ ဒီ processor ကို သုံးမယ်ဆိုရင် အဲဒီ chipset တစ်မျိုးမျိုး တပ်ဆင်ထားတဲ့ Motherboard ကို ရွေးချယ်ရမှာဖြစ်ပါတယ်။
Image Hosting by imagefra.me


Motherboard ရွေးချယ်ခြင်း
Motherboard ရွေးချယ်ဖို့အတွက် အဓိက နှစ်ချက်က မိမိအသုံးပြုလိုတဲ့ processor နဲ့ ကိုက်ညီဖို့နဲ့ တပ်ဆင်လိုတဲ့ casing အရွယ်အစားနဲ့ အဆင်ပြေဖို့ပဲ ဖြစ်ပါတယ်။ အခု ကျနော်ရွေးချယ်ထားတဲ့ processor နဲ့ ကိုက်ညီတဲ့ ASUS P5E64 WS EVOLUTION ကို နှိုင်းယှဉ်ပြပါ့မယ်။
၁။ sockets 775 ဖြစ်ပြီး Core 2 Duo CPU ကို support လုပ်ပါတယ်။
၂။ FSB speed 1333 MHz ကို support လုပ်ပါတယ်။
၃။ Intel X48 chipset တပ်ဆင်ထားတဲ့အတွက် ရွေးချယ်ထားတဲ့ CPU နဲ့ ကိုက်ညီပါတယ်။

Image Hosting by imagefra.me

ဒီသုံးချက် ကိုက်ညီပြီဆိုရင် ရွေးချယ်ထားတဲ့ CPU နဲ့ motherboard အဆင်ပြေသွားပါပြီ။ ကျန်တဲ့ hardware ကိုတော့ motherboard ပေါ်မူတည်ပြီး စဉ်းစားပါ့မယ်။ ၎င်းမှာ တပ်ဆင်ထားတဲ့ slots များအလိုက် RAM, VGA, Hard disk, Optical drive တို့ကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။
Motherboard ရဲ့ နောက်ထပ် သတိပြုစရာတစ်ချက်က အရွယ်အစားဖြစ်ပါတယ်။ mini casing သုံးလိုသူများအတွက် motherboard အရွယ်အစားကြီးတာကို ရှောင်သင့်ပါတယ်။ လက်ရှိ ရွေးချယ်ထားတဲ့ motherboard ကတော့ Dimension: 12 inch x 9.6 inch ဖြစ်ပါတယ်။ ဒါကိုမှတ်ထားပြီး casing ၀ယ်ရင် ပြန်ကြည့်ရပါမယ်။
Image Hosting by imagefra.me


RAM ရွေးချယ်ခြင်း
RAM (Random Access Memory) လို့ခေါ်တဲ့ memory ဟာ ကွန်ပျူတာ လုပ်ဆောင်ရန် လိုအပ်သော instruction နှင့် data များကို ယာယီသိုလှောင်ထားရန် အသုံးပြုခြင်းဖြစ်ပါတယ်။ volatile memory (ပါဝါ ပေးထားချိန်တွင်သာ data များကို သိုမှီးထားနိုင်ပြီး၊ ပါဝါ ဖြတ်တောက်လိုက်သည်နှင့် အားလုံး ပျောက်ပျက်သွားသော memory) အမျိုးအစားဖြစ်ပါတယ်။ RAM အမျိုးအစား ရွေးချယ်ရန်မှာ motherboard ပေါ်မှ slots များပေါ် မူတည်သောကြောင့် motherboard ကို ပြန်ကြည့်ပါတယ်။ (website များမှ ၀ယ်ယူခြင်းမဟုတ်ပဲ show room များမှ တိုက်ရိုက် ၀ယ်ယူပါက motherboard ဘူးထဲတွင်ပါသော လမ်းညွှန်စာအုပ်ကို ကြည့်ရှူပါ။ )

ကျနော်ရွေးချယ်ထားသော Asus board ကတော့ RAM အတွက်အောက်ပါအတိုင်း ပြောထားပါတယ်။
4 x DIMM, Max. 8 GB, DDR3 (1800)(1600)1333/1066/800 Dual Channel memory architecture
စုံတွဲလိုက် စိုက်ရသော DIMM နှစ်ချောင်းတွဲ slots လေးခု ပါပြီး၊ အများဆုံး 8 Gb ထိ စိုက်နိုင်ပါတယ်။ DDR 3 အမျိုးအစားကို ရွေးချယ်ရမှာဖြစ်ပြီး၊ ဖော်ပြထားတဲ့ RAM speed တွေထဲက တစ်မျိုးမျိုး ဖြစ်ရပါမယ်။ DIMM Dual Channel တွေဖြစ်တဲ့အတွက် memory နှင့် speed တူညီသော RAM နှစ်ချောင်းကို ရွေးချယ်သင့်ပါတယ်။ (တစ်ချောင်းတည်း တပ်ဆင်အသုံးပြုနိုင်သော်လည်း parallel အသုံးပြုခြင်းက ကောင်းပါတယ်။ ထို့ကြောင့် 1Gb သာတပ်ဆင်လိုလျှင် 512 Mb နှစ်ချောင်းကို ရွေးချယ်သင့်ပြီး၊ 2Gb အသုံးပြုလိုပါက 1Gb နှစ်ချောင်း အသုံးပြုခြင်းက ပိုသင့်တော်ပါတယ်)။ လက်ရှိရွေးချယ်ထားတဲ့ ပစ္စည်းတွေအရ အနည်းဆုံး 2Gb တော့ တပ်ဆင်သင့်ပါတယ်။ DIMM DDR3 (1066) 1024Mb Kingston ကို ရွေးချယ်ပြီး နှစ်ချောင်း ၀ယ်ယူပါမယ်။
Image Hosting by imagefra.me


Graphic Card ရွေးချယ်ခြင်း
Video card (or) graphic card ကို မော်နီတာပေါ်မှာ မြင်တွေ့ရသော ပုံရိပ်များ ပုံဖော်ရန်အတွက် အသုံးပြုပါတယ်။ ယခု လက်ရှိ ထုတ်လုပ်အသုံးပြုနေသော motherboard အတော်များများမှာ display adapter တစ်ခုအဖြစ် သာမာန် OS တစ်ခု အသုံးပြုနိုင်ရုံတော့ ထည့်သွင်းတည်ဆောက်လာတာ တွေ့ရပါတယ်။ မည်သို့ပင် ဖြစ်စေ graphic အသုံးပြုမှုများသော windows Vista နှင့်အထက် OS များအတွက် လည်းကောင်း၊ Photoshop နှင့် Video Edition software များအတွက် လည်းကောင်း၊ Game များအတွက်လည်းကောင်း လုံလောက်မှု မရှိပါ။ ထို့အတွက် သီးသန့် Graphic card တစ်ခုကို တပ်ဆင် အသုံးပြုရပါမယ်။ VGA card တစ်ခုရဲ့ memory ဟာ RAM ရဲ့ လေးပုံ တစ်ပုံခန့် ဖြစ်သင့်ပါတယ်။ (ဥပမာ - RAM ကို 2Gb တပ်ဆင်မယ်ဆိုရင် VGA ကို 512Mb ရွေးချယ်ခြင်းဟာ အသင့်တော်ဆုံး ဖြစ်ပါတယ်)။
VGA အမျိုးအစားတွေထဲမှာ PCI Express ကတော့ ယနေ့နောက်ဆုံးပေါ် BUS တစ်မျိုးပဲ ဖြစ်ပါတယ်။ PCI Express မှာ slot အမျိုးအစား လေးမျိုးရှိပါတယ်။ မိမိ motherboard မှာ ရှိတဲ့ slot နဲ့ ကိုက်ညီတဲ့ PCI Express တစ်ခုကိုရွေးချယ်မှာ ဖြစ်ပါတယ်။ PIC Express 1X, 4X, 8X, 16X ဆိုပြီး လေးမျိုးဖြစ်ပါတယ်။ အောက်ပါပုံမှာ သုံးမျိုးပြထားပါတယ်။ 8X ကတော့ 4X နှင့် 16X ကြားထဲက အရွယ်အစားဖြစ်ပါတယ်။
Image Hosting by imagefra.me

မိမိရွေးချယ်ထားတဲ့ motherboard က ဘာ slots ကို အသုံးပြုနိုင်မလဲ ပြန်ကြည့်ပြီး၊ အပေါ်က ပြောခဲ့တဲ့ memory ရွေးချယ်မှုအတိုင်း ရှာဖွေကြည့်ပါ။ ကျနော်တို့ ရွေးထားတဲ့ Motherboard က PCIe x16 slot လေးခု ပါပြီး၊ PCIe x4 slot တစ်ခု ပါပါတယ်။ PCIe X16 ကို dual channel သုံးလို့ ရအောင် စီစဉ်ပေးထားတဲ့ အတွက် VGA အရမ်းကောင်းဖို့ လိုအပ်တဲ့ စက်အတွက် အထူးသင့်လျှော်တဲ့ motherboard ပါ။ အခုဆက်ရေးဖို့အတွက် ASUS EN GTS 250 OC ကိုရွေးချယ်ပါတယ်။ nVidia 512Mb DDR3 ဖြစ်လို့ ကျနော်တို့ လိုချင်တဲ့ memory ပမာဏ ကိုက်ညီပြီး၊ PCIe 16X ဖြစ်လို့ တပ်ဆင်ဖို့လည်း ကိုက်ညီပါတယ်။
Image Hosting by imagefra.me

credit to : Knowledge Bridge Magazine

ဒုတိယပိုင်းအနေနဲ့ Hard disk ရွေးချယ်ခြင်း၊ Optical drive ရွေးချယ်ခြင်းနှင့် အခြားသော PC divice များရွေးချယ်ရန် အတွက် ဆက်လက်ရေးသားလျှက်ရှိပါတယ်။ အခုရေးထားပြီးသလောက် တင်ပေးလိုက်တာပါ။ ဝေဖန်ဆန်းစစ်ပေးရင်း ....

ဒုတိယပိုင်းမျှော် ..... :P

source:သံလုံငယ်

No comments:

Post a Comment