Tuesday, February 1, 2011

သစ်ရွက်လှုပ်တာလား

သစ်ရွက်လှုပ်တာလား



မိမိ ဆယ်တန်းကျောင်းသားဘ၀က ကျောင်းပိတ်ရက် စနေ၊ တနင်္ဂနွေနေ့တိုင်း အဘိုးနဲ့ အဘွားအိမ်ကို အမြဲရောက်ဖြစ်သည်။ မိမိက ဦးလေးနှင့် ဒေါ်လေးများကို အရမ်းချစ်သည်။ ဦးလေးနှင့် ဒေါ်လေးများ စကားစုပြီး ပြောသည့်အခါတိုင်း အနားတွင် နားထောင် နေတတ်သည်။ သူတို့ ပြောသော စကားများတွင် ရယ်စရာ မပါပေမယ့် ကျွန်တော်က အမြဲရယ်နေတတ်သည်။ ထိုအခါတိုင်း ဒေါ်လေးက“ အလတ်ကောင် အလကားနေရင်း မရယ်စမ်းနဲ့ …. ယောင်္ကျားလေးဆိုတာ တည်တည်တံ့တံ့ နေရတယ် .. အခုတော့ အားနေ ရယ်နေတာပဲ .. ´´ ဆိုပြီး ဆူပူတတ်သည်။ လေးလေးက
“ မိထိုက်ရယ် သူဟာသူ ရယ်တာပဲ … ဘာဖြစ်လို့ ကလေးကို လိုက်ပြောနေရတာလဲ … ဒီအရွယ်ဆိုတာ သစ်ရွက်လှုပ်တာတောင် ကြည့်ပြီး ရယ်တတ်တဲ့ အရွယ်လေ .. နင်ကလဲ မပြောစမ်းပါနဲ့ ´´
ထိုအခါ ကျွန်တော်က ထပ်ရယ်ပြန်လေသောအခါ
“ အမလေး တူနဲ့ ဦးလေး အတိုင်အဖောက် ညီနေလိုက်ကြတာ … ရယ် .. ရယ် .. ငါက သင်ပေးနေတာ … ရယ်ပြီး တက်နေအုံးမယ် ´´ ပြောဆိုကာ ထသွားတတ်သည်။
ထိုစဉ်အခါက လေးလေး ပြောခဲ့သော သစ်ရွက်လှုပ်တာတောင် ကြည့်ပြီး ရယ်တတ်တဲ့ အရွယ်ဆိုတဲ့ အဓိပ္ပါယ်ကို မသိခဲ့ပါ။ တက္ကသိုလ် ကျောင်းသားဖြစ်လာတော့ သိလာသည်။ သစ်ရွက်ကလေးများသည် လေတိုက်တိုင်း ယိမ်းနွဲ့နေတတ်သည်။ ဆယ်ကျော်သက် အရွယ်သည်လည်း အရာရာကြောင့် အလိုလိုနေရင်း ရင်ခုန်နေတတ်သော အရွယ်ဟု သိလာသည်။ သစ်ရွက်လှုပ်တာနှင့် ဥပမာ နှိုင်းထားမှန်း သိလာရတော့သည်။
ဆယ်ကျော်သက် အရွယ်ရောက်သည်နှင့် အရာအားလုံးသည် ကဗျာဆန် နေလေသည်။ မြင်တွေ့ရသော ပတ်ဝန်းကျင်၏ လှုပ်ရှားမှုတိုင်းသည် ရင်ခုန်စရာပင်။ တစ်ခါတစ်ရံ ဆယ်ကျော်သက်များ ရင်ခုန်မှုသည် ပတ်ဝန်းကျင်ကို ကူးစက်တတ်သည်။ ဆယ်ကျော်သက်များ ရင်ခုန်မြူးတူး နေမှုသည် ကြည်နူးဖွယ် ကောင်းသည်။ ဆယ်ကျော်သက်များ၏ ရင်ခုန်မှုကို တားဆီးမည့်သူ မရှိပါ။ သူခေတ်နှင့် သူ ပျော်မြူးနေကြသည်ဟု လက်ခံကြသည်။ ဆယ်ကျော်သက်များ၏ ရင်ခုန်ခြင်းကို လေတိုက်တိုင်း ယိမ်းနေသည့် သစ်ရွက်ကလေးများ လှုပ်နေသည်ဟုပင် ထင်မြင်ကြသည်။ သစ်ရွက်လှုပ်နေသည်မှာ ကဗျာလွတ်အက ကနေသလိုပင်။
ဆယ်ကျော်သက်လေးများ၏ ရယ်မောသံများကို သဘောကျကြသည်။ ဆယ်ကျော်သက်များ ပျော်မြူး နေသည်ကို မြင်ရသူများ၏ စိတ်ထဲတွင် ချမ်းမြေ့မှုကို ခံစားကြရသည်။ အသက်အရွယ် အလိုက် သစ်ရွက်လေးများ လှုပ်ရှားမှုသည်လည်း ပြောင်းလဲလာနိုင်သည်။ ဆယ့်ခြောက်နှစ်တွင် ရင်ခုန်မှုများမှ နှစ်ဆယ်ကျော်၊ သုံးဆယ်ရောက်လာတော့ ရင်ခုန်မှုက ပြောင်းလဲလာသည်။ တစ်ချို့ဆိုလျှင် အသက် လေးဆယ်ကျော် ငါးဆယ်ကျော်မှ အိမ်ထောင်ကျ ကြသည်။ သူတို့အနေနှင့် သစ်ရွက်လှုပ်မှုသည် လေးဆယ်ကျော် ဖြစ်သည်။ ထိုအချိန်ကျမှ သစ်ရွက်ကို လေတိုက်ပုံရသည်။
မိမိလဲ တွေးကြည့်မိသည်။ ယခုအချိန်အထိ လေငြိမ်နေသော မိမိဘ၀မှာ ဘယ်အရွယ် ဘယ်အချိန်ကြမှ လေတိုက်ပြီး သစ်ရွက်လှုပ်မှာလဲ တွေးမိပြီး အလိုလိုနေရင်း ရင်ခုန်နေမိတော့သည်။



:/sad:| မောင်စေတနာ

No comments:

Post a Comment